Tuesday, October 26, 2010

နိုဝင်ဘာ(၇) ရက်နေ့ကျရင်

မိတ်ဆွေ-

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

ကမ္ဘာပျက်မယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

သံပုံးတီးမယ်၊တောထုတ်မယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

ဆန်ဖရန်-ဂိုးဒင်းဂိတ်တံတားမှာ

ခွပ်ဒေါင်းအလံလွှင့်မယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

ရွှေတိဂုံမှာအောင်မြေနင်းမယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

ဆရာဦးဝင်းတင်နဲ့ စကားပြောမယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

ရန်ကုန်တက္ကသိုလ်ဘက်လှည့်ကြည့်မယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

အင်ဒီယားနား-ဖို့ တ်ဝိန်းမှာဆန္ဒပြမယ်။

နိုဝင်ဘာ(၇)ရက်နေ့ ကျရင်

ဆရာကြီးမှိုင်းအုတ်ဂူသွားကန်တော့မယ်။

အောင်ဝေး
(october 26,2010 ထုတ်မိုးမခ မှ ဆရာအောင်ဝေးရဲ့ကဗျာကိုကြက်သီးထသောအားဖြင့်ကူးယူတင်ပြပါသည်)

Sunday, October 24, 2010

ကြားသမားတွေရဲ့နိဂုံး(ထန်လိုင်းထန်ပေးပို့သည်)


ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲလို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူစိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထား လိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရအော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။

အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။မြေကြီးကိုခြေထောက်နဲ့ယက်ပြီးအစာရှာနေတဲ့ကြက်ဖကြီးကခေါင်းမော်ကြည့်ပြီးစိတ်ပျက်တဲ့ လေသံနဲ့ပြောလိုက်တယ်။ အော်ကိုကြွက်ရယ်၊ မင်းအတွက်တော့ သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့ အလကားပါ။ ဘာမှ မဟုတ်တဲ့ ကိစ္စနဲ့ ငါ့ခေါင်းလာမရှုပ်နဲ့ကွာ။ ကြွက်က ၀က်ဘက်ကို လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျ လို့ ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ တကယ်တော့ ကျနော်အနေနဲ့ ခင်ဗျားကို ဆုတောင်းပေးရုံက လွဲလို့ ဘာမှ မလုပ်ပေးနိုင်ပါဘူး။သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲ ဆုတောင်း ပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့အကြောင်း ထပ်ပြောလိုက်တယ်။နွားက ၀ိုး… ၀မ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့် နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ။ လို့ ပြန်ပြောလိုက်တယ်။ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ခေါင်းငိုက်စိုက်ပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။အော်…လယ်သမားကြီးရဲ့ကြွက်ထောင်ချောက်ကိုငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ ဗြောင်း ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။ အကောင် တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့ အသံလိုပဲ။ လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့ အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက် ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန် ပို့လိုက်ရတယ်။ အိမ်ပြန်ရောက်တော့မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ တက်နေတယ်။ အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့ ကြက်စွတ်ပြုပ် လုပ်တိုက်ရတယ်ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ်လုပ်ဖို့လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ ဆင်းသွားလေရဲ့။ .ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။ တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို ဖော်ရတော့တယ်။ နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာကြတယ်။ လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို စီစဉ်ရတော့တယ်။ ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့ မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် သတိရပါ။ ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီအန္တရာယ်ဟာ ကျနော်တို့ အားလုံးအပေါ် ကျရောက်လာတာပဲ။တခြားသူတွေအပေါ်မှာမျက်စိဒေါက်ထောက်ပြီး ဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်လည်း
အားပေးပြီးအစွမ်းကုန်ကူညီတတ်ဖို့လိုပါတယ်။ကျနော်တို့အားလုံးဟာဘ၀လို့ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
ဒါကတော့ တောင်အာဖရိကက နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ စကားပါ။ ရှေ့ကပုံပြင်နဲ့ မတူပေမယ့် မဆိုင်သလိုနေတဲ့ သူတွေအတွက် ဥပမာ ပေးရာမှာတော့ နီးစပ်မှု ရှိပါတယ်။“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာဖိနှိပ်သူဘက်ကလိုက်ဖို့ရွေးချယ်လိုက်တာနဲ့အတူတူဘဲ”

(24, 0ctober 2010) ပါမိုးသီးဇွန်ဘလော့မှနှစ်သက်သဖြင့်ကူးယူတင်ထားပါသည်.။

Monday, October 18, 2010

အာဏာရေးနှင့်ဘာသာရေး

ဗမာမင်းလက်ထက်မှစ၍ လူမှုရေးနှင့်နိုင်ငံရေးတွင် ထေရ၀ါဒဗုဒ္ဓဘာသာသည် အရေးကြီးသော အခန်းမှ ပါဝင်ခဲ့သည်။ ဤပုံစံသည် အင်္ဂလိပ်ကိုလိုနီဘ၀၌ နိဂုံးချုပ်သွားသည်။ ဗမာမင်းလက်ထက်တွင် သံဃာ့လောက၏ အကြီးအကဲသည် သာသနာပိုင်ဖြစ်၏။ သာသနာပိုင်ကို ဘုရင်က ခန့်အပ်သကဲ့သို့ ဖြုတ်ပစ်နိုင်သည်။ သာသနာပိုင်သည် ဘုရင်ဆောက်ပေးသော ရွှေကျောင်းတော်၌ သီတင်းသုံးပြီး ၀ါရင့်ဆရာတော်အဖွဲ့၏ အကူအညီဖြင့် သံဃာလောကကို ကြီးကြပ်ကွပ်ကဲသည်။ သာသနာပိုင်နှင့် ဆရာတော်အဖွဲ့အောက်တွင် ဂိုဏ်းချုပ်ဂိုင်းအုပ်ဂိုဏ်းထောက် စသည့် ရာထူးအဆင့် အမျိုးမျိုးရှိ၏။ သံဃာ့အဖွဲ့အစည်း၏ အဓိကအလုပ်သည် သံဃာ့ကျင့်ဝတ်စည်းကမ်းထိန်းသိမ်းရေးဖြစ်သည်။

ဝိနည်းဖောက်ဖျက်မှုနှင့် ကျောင်းပြဿနာ စသည့် အသေးအဖွဲကိစ္စကို ဂိုဏ်းထောက်နှင့် ဂိုဏ်းအုပ်က ဖြေရှင်းပေးပြီး အရေးကြီးသောပြဿနာကို ဂိုဏ်းချုပ်က ဖြေရှင်းသည်။ ဂိုဏ်းချုပ်၏ ဖြေရှင်းချက်ကို မကျေနပ်ပါက မြို့တော်၏ ကျောင်းထိုင်သော သာသနာပိုင်ထံ၌ အယူခံဝင်နိုင်၏။ ကျောင်းပိုင်ဆိုင်မှု၊ ရာဇ၀တ်မှု ကျူးလွန်မှု၊ သင်းခွဲထောင်ပြီး သီးခြားအယူဝါဒပို့ချမှု စသည့်ပြဿနာများကို ဂိုဏ်းချုပ်က ဖြေရှင်းရသည်။ စည်းကမ်းဖျက်သူကို သင်္ကန်းချွတ်ပြီး လူဝတ်လဲခိုင်းသည်။ ရာဇ၀တ်မှုကျူးလွန်သူကို လူဝတ်လဲစေပြီး အရပ်တရားရုံး၌ စစ်ဆေးစေသည်။

သို့သော်လည်း သာသနာပိုင်နှင့် လက်အောက်ခံ အမှုထမ်းသံဃာများသည် ၎င်းတို့၏စီရင်ချက်ကို ၎င်းတို့ဘာသာ အကောင်အထည်ဖော်နိုင်သော အခြေအနေမရှိသောကြောင့် ရှင်ဘုရင်ကို အားကိုးရ၏။ တနည်းဆိုရင် သာသနာပိုင်၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အာဏာရှိသော ဘုရင်ကို အားကိုးရသည်။ သံဃာ့ကိစ္စဆောင်ရွက်ရန် ၀တ်မြေ၀န်နှင့် မဟာဒါန်ဝန်ကို ဘုရင်က ခန့်ထားသည်။ သာသနာ့မြေနဲ့ကျွန်ကို ထိန်းသိမ်းကြီးကြပ်ပြီး မြေခွန်ကောက်ယူသည့် တာဝန်ကို ၀တ်မြေ၀န်က ထမ်းဆောင်ရ၏။ မဟာဒါန်ဝန်သည် ရဟန်းဝတ်များ၏။ အသေးစိတ်စာရင်းကို နှစ်စဉ်စုဆောင်းပြီး သာသနာပိုင်ကို တင်ပြသည့်အတွက် သံဃာစိစစ်ရေးကဲ့သို့ ဖြစ်နေသည်။ သို့သော် ၀ိနည်းသိက္ခာပုဒ်ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ သာသနာပိုင်သည် အမြင့်ဆုံးအာဏာပိုင်ဖြစ်၍ သာသာနာပိုင်က ဆုံးဖြတ်ထားသည့်အမှုကိစ္စများကို ဘုရင့်လွှတ်တော်နှင့် တရားရုံးများတွင် အယူခံဝင်ခွင့်မရှိပါ။

ဗမာဘုရင်စနစ်နှင့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဓလေ့က ကျားကန်ပေးထားသည်။ ဘုရင့်သြဇာအာဏာအစွမ်းထက်ရန် နန်းတွင်းအမှုထမ်း ဗြဟ္မဏအနွယ်ဝင် ပုဏ္ဏားက အခမ်းအနားလုပ်၍ ဂါထာမန္တန်ရွတ်ဖတ်သရစ္ဈာယ်မှုနှင့် ဗေဒင်ဟောမှုသည် ဟိန္ဒူဓလေ့ဖြစ်၏။ ဗုဒ္ဓံ ဓမ္မံ သံဃံ ဆိုသော ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်ကာ သာသနာ့ဒါယကာအဖြစ် အုပ်ချုပ်မင်းလုပ်သည့်အတွက် ဗုဒ္ဓဘာသာဝင်တိုင်း တိုင်းသူပြည်သား၏ ထောက်ခံမှုကို ရယူခြင်းသည် ဗုဒ္ဓဘာသာဓလေ့ဖြစ်၏။ ဗုဒ္ဓံ ဓမ္မံ သံဃံကို ကာကွယ်စောင့်ရှောက်သောမင်းသည် တရားဝင်အုပ်ချုပ်ပိုင်ခွင့်ရှိသည်ဆိုသော သဘောဖြစ်၏။ ဗြဟ္မဏပုဏ္ဏား၏ နက္ခတ်ဗေဒင်နှင့် ဂါထာမန္တန်အတတ်ပညာကို ဗုဒ္ဓဘာသာဝင်ဆိုသူ ဗမာမင်းက အထင်ကြီးပုံရသည်။ (၁၈) ရာစု ဗမာမင်းဘိုးတော်ဘုရားလက်ထက်၌ ဗြဟ္မဏပုဏ္ဏားတရာကျော် နန်းတွင်း၌ ခန့်ထားကြောင်း သိရသည်။ စေတီပုထိုးနှင့် နတ်ကွန်းတည်ဆောက်ရာ၌ ဗမာမင်းနာမည်ရသည်။ ပြည်သူ့အကျိုးသယ်ပိုး၍ တိုင်းပြည်သာယာဝပြောအောင် လုပ်နိုင်သော ဗမာမင်း အလွန်နည်းပါး၏။

ဤသို့ အလွန်အရေးပါသော သံဃာ့အဖွဲ့အစည်းသည် အစိုးရမင်းကို မှီခိုနေရသဖြင့် နိုင်ငံရေးအခြေအနေ ပြောင်းသွားသည်နှင့် အခြေယိုင်သွားသည်။ ဗမာမင်းလက်ထက်၌ ဂိုဏ်းချုပ်ဂိုဏ်းအုပ်ကတဆင့် သံဃာ့လောကကို ထိန်းထားသည်ဟု ဆိုသော်လည်း ပြဿနာကို လက်တွေ့ဖြေရှင်းသူသည် သာသနာ့ဝန်ကို ထမ်းဆောင်ရန်အတွက် ခန့်အပ်ထားသော မင်းမှုထမ်းဖြစ်သည်။ မင်းမှုထမ်းက ကူညီမှသာ သာသနာပိုင်၏အမိန့်သည် ထိရောက်နိုင်သည်။ ဒီအစဉ်အလာနှင့် အလှူဒါယက လိုအပ်မှုကြောင့် သံဃာ့ဦးသျှောင် နာယကအဖွဲ့သည် အစိုးရအာဏာစက်ကို မှီခိုလာရခြင်းဖြစ်သည်။

အထက်မြန်မာပြည်ကို အင်္ဂလိပ်သိမ်းပိုက်ပြီး မကြာမီ အင်္ဂလိပ်ကို တော်လှန်သည့်အခါတွင် သံဃာများ ပါဝင်လာသည်။ ထိုကာလ၌ သာသနာပိုင်အဖွဲ့ကို အသိအမှတ်ပြု၍ အဖွဲ့၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာ၌ ဗမာမင်းလက်ထက်အတိုင်း ကူညီထောက်ပံ့မည်ဆိုပါက အင်္ဂလိပ်အုပ်ချုပ်ရေးကို မြန်မာများလက်ခံရန် တရားဟောပေးမည်ဟု တောင်တော်သာသနာပိုင်က ကမ်းလှမ်းသည်။ သာသနာပိုင်ကို အသိအမှတ်ပြုရန် အင်္ဂလိပ်က သဘောတူသော်လည်း အကူအညီပေးရန် ငြင်းဆန်၏။

သာသနာပိုင်ရှိနေသော်လည်း ၀ိနည်းစည်းကမ်းလိုက်နာရန် ကြီးကြပ်ကွပ်ကဲသူ မရှိသောကြောင့် အမျိုးသားရေးလှုပ်ရှားမှုတွင် သံဃာများ ပါဝင်လာပြီး အင်္ဂလိပ်ဆန့်ကျင်ရေးလုပ်ကြ၏။ သို့သော်လည်း သာသနာပိုင်ကို ကူညီရန် အင်္ဂလိပ်ကိုလိုနီအစိုးရက ငြင်းဆန်နေတုန်းဖြစ်၏။ ၁၉၁၉ မန္တလေးအိမ်တော်ရာ ဘုရားပေါ်တွင် ဖိနပ်စီးသော အနောက်တိုင်းသားအချို့ကို ဘုန်းကြီးများ ၀ိုင်းရိုက်သည့်အခါကြမှ သံဃာကို ကြီးကြပ်ရန် အင်္ဂလိပ်စိတ်ဝင်စားလာ၏။ ၁၉၂၁ ၌ သာသနာပိုင်ကိုကူညီရန် မဟာဒါန်ဝန်ခန့်သည်။ အမျိုးသားရေး၌ ပါဝင်လှုပ်ရှားနေသော သံဃာ့သမဂ္ဂီအသင်းကို မ၀င်ကြဖို့ သာသနာပိုင်က ဆော်သြ၏။ သံဃာနိုင်ငံရေးလုပ်သည်ကို သာသနာပိုင်က မထောက်ခံပါ။ သို့သော် ၁၉၃၈ ၌ နောက်ဆုံးသာသနာပိုင် တောင်ခွင်ဆရာတော် ပျံလွန်ချိန်မှစ၍ သာသနာပိုင်ရာထူး နိဂုံးချုပ်သွားသည်။ ယခုခေတ်၌ အစိုးရသည် သာသနာပိုင်နေရာကို ရယူထားသည်။

ထိုင်းနိုင်ငံတွင်လည်း အယုဒ္ဓယခေတ်မှစ၍ ယနေ့အထိ နိုင်ငံတော်အစိုးရ၊ သံဃာနှင့်ဘုရင်ကို အဓိကမဏ္ဍိုင် (၃) ရပ်အဖြစ် သတ်မှတ်လာခဲ့သည်။ ဗုဒ္ဓဘာသာကို ဘုရင်က ကာကွယ်၍ ဘာသာရေးအခမ်းအနားများကို ကမကထ လုပ်ပေးသည်။ ၀န်ကြီးချုပ် ပီဘူးစွမ်ဂရမ် (၁၉၄၈-၁၉၅၇) လက်ထက်တွင် ဤမဏ္ဍိုင် (၃) ခုကို အစိုးရလမ်းစဉ်အဖြစ် သတ်မှတ်လိုက်ပြီး ဆိုင်းရမ်း (SIAM) ကို ထိုင်းနိုင်ငံ (Thailand) အဖြစ် အမည်သစ်ပေးလိုက်သည်။ အစိုးရပညာရေးစနစ်သည်လည်း ဤမဏ္ဍိုင် (၃) ရပ်အပေါ်တွင် အခြေခံ၍ သင်ကြားပို့ချသဖြင့် အစိုးရနှင့် ဘုရင်စနစ်ကို ကာကွယ်စောင့်ရှောက်ရာရောက်နေသည်။ သံဃာကိုလည်း အစိုးရနှင့် ဘုရင်က ချုပ်ကိုင်ခွင့်ရထားသည်။

၁၉၇၆ အောက်တိုဘာ (၆) ရက်နေ့၌ ဖြစ်ပွားသော သမ္မာဆတ်တက္ကသိုလ်လူသတ်ပွဲကို ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် ဘာသာသာသနာ ကာကွယ်ရေးသဘောမျိုးအဖြစ် အစိုးရက အကြောင်းပြု၍ မိမိကျူးလွန်သော ရာဇ၀တ်မှုကို ဖုံးကွယ်ခဲ့သည်။ သမ္မာဆတ်တက္ကသိုလ်အပြင်ဘက်တွင် ကျောင်းသားအချို့ကို သတ်ဖြတ်၍ သစ်ပင်တွင် ကြိုးဆွဲထားမှု၊ ကျောင်းသူတဦးကို မုဒိမ်းကျင့်သတ်ဖြတ်မှု၊ ဒဏ်ရာရသူ (၃) ဦးကို ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်မှု စသည့်ဖြစ်ရပ်များသည် ပြည်သူလူထုရှေ့မှောက်၌ ဖြစ်ပွားသော မှုခင်းများဖြစ်သည်။ အချို့ပရိသတ်သည် လက်ခုတ်လက်ဝါးတီး၍ အားပေးကြသည်။ သို့သော်လည်း ၁၉၇၃ မှ ၁၉၇၇ အထိဖြစ်ပွားသော အကြမ်းဖက်မှုသည် ဗုဒ္ဓဘာသာ ထိုင်းလူမျိုးများနှင့် မဆီလျော်သဖြင့် ထိုင်းအစိုးရက အသိအမှတ်မပြုဟု Australia အမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Dr. Helen James က ၂၀၀၉ ဒီဇင်ဘာက စာတမ်းရေးဖူးသည်။ အစိုးရသွေးထိုးပေးသည် အကြမ်းဖက်မှုများကို အရေးမယူနိုင်ခဲ့သည့်အတွက် အနီဂိုဏ်းနဲ့အ၀ါဂိုဏ်း ပြိုင်ဆိုင်အကြမ်းဖက်ခြင်း ဖြစ်ပုံရသည်ဟု ဆိုသည်။ ထို့ကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြန်မာပြည်တွင် ရရှိရန် ခက်ခဲသကဲ့သို့ ထိုင်း၌လည်း ရရန်ခက်ခဲသည်ဟု Dr. Helen James မှတ်ချက်ချထားသည်။

၁၉၉၂ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်များစာရင်း၌ ပါဝင်ခဲ့သော ထိုင်းပညာရှင် Sulak Sivaraksa ကလည်း အစိုးရကို ဗဟိုပြုသောဘာသာရေးနှင့် စစ်မှန်သော ဘာသာရေးကို ခွဲခြားသတ်မှတ်ထားသည်။ ထိပ်ပိုင်းမှ သံဃာများနှင့် အာဏာရလူတန်းစားပူးပေါင်း၍ အစိုးရလုပ်ရပ်မှန်ကန်ကြောင်း ပြသည်မှာ အစိုးရဗဟိုပြု ဗုဒ္ဓဘာသာဖြစ်သည်ဟု ဆို၏။ ကျေးလက်ဒေသ ရိုးရာအစဉ်အလာ တောရကျောင်းသည်သာ ဗုဒ္ဓ၀ါဒအစစ်အမှန်ကို ပို့ချနိုင်သည်ဟု ဆို၏။ အာဏာရလူတစု၏ အကျိုးစီးပွားကို ထောက်ခံသော ဘာသာရေးသည် ယင်းလူတစု၏ ဖိနှိပ်ရေးကိရိယာဖြစ်လာပေသည်။

ဗုဒ္ဓ၀ါဒသည် ဒီမိုကရေစီကျင့်စဉ်နှင့် ဆီလျော်ရုံသာမကဘဲ ဒီမိုကရေစီစနစ်ကို ထောက်ခံအားပေးသော အတွေးအခေါ် ရှိနေသည်ကို တွေ့ရသည်။ ဗုဒ္ဓ၀ါဒသည် မိမိကိုယ်မိမိ လွတ်မြောက်အောင် မိမိဘာသာ ကြိုးစားရသော ကျင့်စဉ်ဖြစ်သည်။ သြာဇာအာဏာရှိသူကို အားကိုးသော ကျင့်စဉ်မဟုတ်ပါ။ ထို့ကြောင့် အာဏာရှင်စနစ်သည် ဗုဒ္ဓဘာသာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ ကွဲလွဲသော အယူအဆကို ဗုဒ္ဓ၀ါဒက လက်ခံသည်။ အပေးအယူလုပ်မှုနှင့် အပြန်အလှန် ညှိနှိုင်းမှုကို အဓိကထားသော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးသည်။ ဆန့်ကျင်ဘက်အယူအဆနှင့် ဆန့်ကျင်ဘက် အကျိုးစီးပွားကို အပြန်အလှန်ညှိနှိုင်း၍ အပေးအယူလုပ်ခြင်းသည် ဒီမိုကရေစီ၏ အဓိကသဘောတရားပင်ဖြစ်သည်။


(အောက်တိုဘာ 17 , 2010 ခေတ်ပြိုင်ဂျာနယ်မှကူးယူတင်ပြပါသည်)

Saturday, October 16, 2010

ကျွန်တော့်အကြောင်းတစေ့တစောင်း

လောင်းရိပ်မှန်သမျှကိုဖောက်ထွက်

မြောက်တက်နေတဲ့စိတ်တွေကချဉ်ပေါင်ဟင်းနေ့တိုင်းသောက်ပြီး

အရသာအစစ်ကိုလျှာနဲ့မစား။နှလုံးသားနဲ့စားတတ်အောင်လေ့ကျင့်ခဲ့တယ်..

ကိုယ့်ဘ၀နှင့်ကိုယ်ငါ့သားဘယ်သူ့ကိုမှရှက်စရာကြောက်စရာမလိုဘူးနော်

ဆိုတဲ့အမေ့စကား……။လောကထဲအမေမရှိလည်းနေ့တိုင်းကြားနေသေးတယ်အမေ….

ကျေးဇူးတွေတင်ပြီးရင်းတင်လျက်

သွေးထဲက..သတ္တိအမွေကတန်ဖိုးရှိလိုက်လေခြင်းလို့နားလည်တယ်

လူငယ်ဘ၀ဖိုက်တင်ချတောင်အားကြီးသူကိုလဲနေရာကမျက်လုံးတွေနဲ့ထိုးတတ်ဖို့အဖေသင်ထားခဲ့ပေါ့

လက်သီးနှင့်လည်းထိုးဖူးရဲ့မျက်လုံးနှင့်လည်းထိုးဖူးရဲ့

ကွဲအောင်လည်းထိုးဖူးရဲ့ထိုးတာလည်းကွဲဖူးခဲ့ပေါ့….

အားငယ်ခြင်းဆိုတာငါ့အဘိဓမ္မာမှာလာရှာလို့ကတော့ရယ်ချင်တယ်လောက။

အတ္တဒီပါ..အတ္တသရဏာတဲ့။ကြည်ညိုလိုက်တဲ့တရား

သြကာသမဆိုဘဲ..ဦးတွေအကြိမ်ကြိမ်ချတယ်။

မောက်မာထောင်လွှားစရာမာန ငါ့ဘ၀ထဲ

အပြင်မှာလည်းမရှိအထဲမှာလည်းနတ္ထိ

ဓာတ်ခွဲတာဝေဖန်တာဝါသနာပါရင်တော့….

ငါ့ကိုသာခွဲခြမ်းကြည့်

အတ္တနှင့်မာနတွေ့ကိုတွေ့ရမယ်

သိထားရမှာက….ငါ့ "မာန"ကထောင်လွှားခြင်းမဟုတ်ဆိုတာပဲ……………….

"အတ္တ"ကိုတော့ခွင့်လွှတ်ပေး

ကျွန်တော်က ပုထုဇဉ်လေးပါ ။

စာတစ်ပုဒ်ရေးတာ

''ငါ" အပုပ်နံ့လေးတွေထွက်သွားရင်

ကျွန်တော် တောင်းပန်လိုက်တယ်လို့ပြောပေးပါ။


(ဥက္ကာငယ်)

Wednesday, October 13, 2010

ဖြောင့်ချက်

'"အချစ်"'

အင်း....................။...။



အချစ်ဆိုတာကိုကျွန်တော်မယုံတော့ဘူးဗျာ



ဘာဖြစ်လို့လဲဆိုတော့


ကျွန်တော်ခဏခဏချစ်မိလွန်းလို့...။


(ဥက္ကာငယ်)

Monday, October 4, 2010


ငှက်တစ်ကောင်ရဲ့အကြောင်း

ပျံသာပျံ အတောင်မသန်လေတော့

ဆန်လေထဲကျန်ရစ်


မာန်တွေလည်းဒဏ်ဖြစ်


ကောင်းကင်ကိုတော့ချစ်နေဆဲ။


ငှက်တစ်ကောင်ရဲ့အိပ်မက်


မျှော်လင့်ခြင်းအသိုက်တစ်ခုဟာ


ပြိုပျက်ရင်း....


တည်ဆောက်ရင်း..........


တစ်ကောင်တည်းအားတင်းခဲ့ရ။.....။


ကိုယ်လဲကိုယ်ထူ


ကိုယ့်မူကိုယ်လှမ်း


ကိုယ်ကိုယ်တိုင်ရွေးတဲ့လမ်းမှာ


တခါတရံ..


လေနီတွေ.ကြမ်းလာရင်


အတောင်မသန်တဲ့ဘ၀အတွက်..


ဝမ်းနည်းခြင်းမျက်ရည်စ


တခါခါ...ကျပေမယ့်


အသဲမှာဆူးပေါက်


တောင်ပံဟာမီးတောက်သွားပစေ......။


(ဥက္ကာငယ် )

ငိုမဲ့မဲ့ သင်္ကြန်

ဒီတန်ခူး မရွှင်မြူး

နှစ်ဦးရောက်ပြီလေ…။

နှစ်တစ်နှစ်သစ်ပြီတဲ့လား

လူကတော့အဟောင်းတိုင်း

မှန်သည်မသိမှားမသိ

မက်မိတဲ့အိပ်မက်အဟောင်းမှာ

မပြောင်းနိုင်မသစ်နိုင်

မှိုင်တချက် ငိုင်တချက်

ယိုင်ထွက်သွားလုလုနောင်တတွေတခါခါနဲ့

ငါဟာ…

ပိတောက်လိုရွှေရည်မလူး

အတ္တတွေမူးနေတဲ့ကောင်…။

အမေကဘ၀တပါး

အဖေကတခြားနိုင်ငံ

ချစ်သူကိုရင်စုံကန်ပြီး

မာန်ကြီးတဲ့ခါချဉ်တစ်ကောင်လို

တောင်ကိုငါမဖြိုပေမယ့်

တောင်ပေါ်ကတောတစ်ရွာမှာ

အိပ်မက်ကိုငါထုဆစ်ခဲ့

လက်မနာပေမယ့်

ရက်ကြာတော့ရင်နာလာတယ်..။

အမေ…

ဒီသင်္ကြန်မှာ

ဘော်ဒါတွေရှာ..ကားခတွေစု…(rapper)ရက်ပါလိုတုပြီး

ကျွန်တော်မကဲချင်ဘူး

ခွက်ပုန်းလေးခုတ်..ရှိုးကလေးထုတ်..မော်ဒယ်လ်လေးတွေချောင်း

ရေလောင်းဖို့လည်းစိတ်မပါဘူး

ကျောင်းပေါ်ကိုတက်…အမေ့ကိုရှာ…

တံမြက်ခါနေမယ့်ဥပုသ်သည်အမေကို

ဖယောင်းတိုင်လေးတစ်ထုတ်နဲ့

ဟန်မလုပ်ပန်မလုပ်..

လက်အုပ်လေးချီကန်တော့ချင်လိုက်တာ..

တင်မိအပြစ်ဟောင်းကျေစေကြောင်းပေါ့..။

အဖေ..

သီးနှံတွေထွားရဲ့လား

သားတကွဲမယားတကွဲ

လွဲနိုင်လွန်းတဲ့ကံကြမ္မာကြောင့်

သံသရာအတွက်

ခြံကထွက်လို့

ကျောင်းမှတက်ဖြစ်ရဲ့လား..

စိတ်သာချအဖေရယ်လို့

ခြံတာဝန်လက်လွှဲကူ

ပေါက်တူးကိုဆွဲယူပြီး

ဥပုသ်ဝင်မယ့်အဖေ

နောက်ဆံတင်းစိတ်မ တွေဖို့

ဗူး..သခွါး..ပဲ..ဖရုံ

တုန်နေအောင်ရေလောင်းချင်တယ်.

သင်္ကြန်မယ်များအလားတူ

အာရုံယူစိတ်ကမှန်းပေါ့.

ချစ်သူရယ်

ရွာထိပ်ကပိတောက်ပင်

ပန်ချင်သူရှိပေမယ့်

ချူမယ့်သူတနယ်ဝေးမို့

မင်းဆွေးပြီလားကွယ်..

ဖြစ်နိုင်ရင်

သင်္ကြန်မင်းစီးတော်ကို

တချက်ငှားခွင့်လေးတောင်းပြီး

အမြန်စီးရွာခရီးနှင်

ခါတော်မီရွှေပိတောက်ပန်း

သူ့ကေသာလန်းဖို့အရေး

ပန်းဆက်သမားလေးဗျတ္တလို

ပြေးကာပြေးကာပန်ပေးချင်ရဲ့

တွေးကာဆွေးကာသင်္ကြန်လေးငိုမဲ့..။

(ဥက္ကာငယ်)

ကဲ....ပုထုဇဉ်ရဲ့....ရင်တွင်းဖြစ်....တစ်နှစ်သောသင်္ကြန်က..
ဝေဒနာကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ။
အေးစိမ့်နေတဲ့...
ရာသီကြမ်းကြမ်းတွေကို...တစ်သက်မှာတစ်ခါကြုံခဲ့ဖူးတဲ့.
ထိုင်းမြန်မာနယ်စပ်
တောင်တန်းရွာလေးတစ်ရွာကို
မမျှော်လင့်ဘဲရောက်ခဲ့ရာမှ.ဒီကဗျာလေးနဲ့သင်္ကြန်ဆိုတာ

ကိုကျွန်တော်ဖြတ်သန်းခဲ့ဖူးတာပါ.....ရေတွေမစိုပေမယ့်
မျက်ရည်တွေစိုခဲ့ရတဲ့
တကယ့်ကိုဆွေးစရာကောင်းတဲ့
နယ်မြေလေးပေါ့
သြော်...
ေ၇လောင်းသူမရှိပေမယ့်.......လွမ်းရမယ့်သူရှိနေတော့.
ကျွန်တော်.......မျက်ရည်ဝဲခဲ့ဖူးပါပကောဗျာ..........။

Saturday, October 2, 2010

ကြယ်တွေအပြိုင်လင်းဖို့လိုတယ်

သုညတစ်လုံးဟာ
ရှေ့ဆုံးမှာမနေသင့်ဘူး။
မင်းတို့နေရာပျောက်မှာကြောက်တာနဲ့
ခန်းမတစ်ခုလုံးဖျောက်ထားရသလား .။


မိုးကြိုး ..လျှပ်စီးရယ်..
မင်း ငါတို့ကိုပစ်ခတ်ပြာချလည်း
မင်းလည်းခဏပဲလင်းမှာပါ
လမင်းကတော့ဖြစ်လာမှာမဟုတ်ပါဘူး ..။


သူငယ်ချင်းတို့ရေ
မိုးတိတ်မှအပြင်ထွက်မယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့တော့
ဘယ်ကိုမှရောက်မှာမဟုတ်ဘူး ..။


ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ကိုသွားမယ့်လမ်းဟာ
ကြမ်းတော့ကြမ်းလိမ့်မယ်
ရှေ့မှာလည်းတစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီးစောင့်နေတယ် ။

တစ္ဆေအကြောက်သင့်တဲ့အချိန်မှာတော့
ငါတို့မျက်လုံးတွေကိုကန်းသင့်ကန်းထားရလိမ့်မယ်..။

ပြီးတော့ တောက်ပနေတဲ့မျက်လုံးအသစ်တွေနဲ့
အိပ်မက်တွေကိုတည့်တည့်ကြည့်ပြီး
ရဲရဲဝံ့ဝံ့လျှောက်ရအောင်..။

မီးပျက်နေတဲ့ညတွေမို့
ကြယ်တွေအပြိုင်လင်းဖို့လိုတယ်.............။



(ကောင်းကင်ကို)
(ဒေါက်တာလွဏ်းဆွေဘလော့ဘ်မှကူးယူတင်ထားပါသည်။)
သတင်းအစုံအလင်ဖတ်ဖို့ဒါလေးကိုနှိပ်လိုက်ပါ