Monday, October 4, 2010

ငိုမဲ့မဲ့ သင်္ကြန်

ဒီတန်ခူး မရွှင်မြူး

နှစ်ဦးရောက်ပြီလေ…။

နှစ်တစ်နှစ်သစ်ပြီတဲ့လား

လူကတော့အဟောင်းတိုင်း

မှန်သည်မသိမှားမသိ

မက်မိတဲ့အိပ်မက်အဟောင်းမှာ

မပြောင်းနိုင်မသစ်နိုင်

မှိုင်တချက် ငိုင်တချက်

ယိုင်ထွက်သွားလုလုနောင်တတွေတခါခါနဲ့

ငါဟာ…

ပိတောက်လိုရွှေရည်မလူး

အတ္တတွေမူးနေတဲ့ကောင်…။

အမေကဘ၀တပါး

အဖေကတခြားနိုင်ငံ

ချစ်သူကိုရင်စုံကန်ပြီး

မာန်ကြီးတဲ့ခါချဉ်တစ်ကောင်လို

တောင်ကိုငါမဖြိုပေမယ့်

တောင်ပေါ်ကတောတစ်ရွာမှာ

အိပ်မက်ကိုငါထုဆစ်ခဲ့

လက်မနာပေမယ့်

ရက်ကြာတော့ရင်နာလာတယ်..။

အမေ…

ဒီသင်္ကြန်မှာ

ဘော်ဒါတွေရှာ..ကားခတွေစု…(rapper)ရက်ပါလိုတုပြီး

ကျွန်တော်မကဲချင်ဘူး

ခွက်ပုန်းလေးခုတ်..ရှိုးကလေးထုတ်..မော်ဒယ်လ်လေးတွေချောင်း

ရေလောင်းဖို့လည်းစိတ်မပါဘူး

ကျောင်းပေါ်ကိုတက်…အမေ့ကိုရှာ…

တံမြက်ခါနေမယ့်ဥပုသ်သည်အမေကို

ဖယောင်းတိုင်လေးတစ်ထုတ်နဲ့

ဟန်မလုပ်ပန်မလုပ်..

လက်အုပ်လေးချီကန်တော့ချင်လိုက်တာ..

တင်မိအပြစ်ဟောင်းကျေစေကြောင်းပေါ့..။

အဖေ..

သီးနှံတွေထွားရဲ့လား

သားတကွဲမယားတကွဲ

လွဲနိုင်လွန်းတဲ့ကံကြမ္မာကြောင့်

သံသရာအတွက်

ခြံကထွက်လို့

ကျောင်းမှတက်ဖြစ်ရဲ့လား..

စိတ်သာချအဖေရယ်လို့

ခြံတာဝန်လက်လွှဲကူ

ပေါက်တူးကိုဆွဲယူပြီး

ဥပုသ်ဝင်မယ့်အဖေ

နောက်ဆံတင်းစိတ်မ တွေဖို့

ဗူး..သခွါး..ပဲ..ဖရုံ

တုန်နေအောင်ရေလောင်းချင်တယ်.

သင်္ကြန်မယ်များအလားတူ

အာရုံယူစိတ်ကမှန်းပေါ့.

ချစ်သူရယ်

ရွာထိပ်ကပိတောက်ပင်

ပန်ချင်သူရှိပေမယ့်

ချူမယ့်သူတနယ်ဝေးမို့

မင်းဆွေးပြီလားကွယ်..

ဖြစ်နိုင်ရင်

သင်္ကြန်မင်းစီးတော်ကို

တချက်ငှားခွင့်လေးတောင်းပြီး

အမြန်စီးရွာခရီးနှင်

ခါတော်မီရွှေပိတောက်ပန်း

သူ့ကေသာလန်းဖို့အရေး

ပန်းဆက်သမားလေးဗျတ္တလို

ပြေးကာပြေးကာပန်ပေးချင်ရဲ့

တွေးကာဆွေးကာသင်္ကြန်လေးငိုမဲ့..။

(ဥက္ကာငယ်)

ကဲ....ပုထုဇဉ်ရဲ့....ရင်တွင်းဖြစ်....တစ်နှစ်သောသင်္ကြန်က..
ဝေဒနာကဗျာဟောင်းလေးတစ်ပုဒ်ပါပဲ။
အေးစိမ့်နေတဲ့...
ရာသီကြမ်းကြမ်းတွေကို...တစ်သက်မှာတစ်ခါကြုံခဲ့ဖူးတဲ့.
ထိုင်းမြန်မာနယ်စပ်
တောင်တန်းရွာလေးတစ်ရွာကို
မမျှော်လင့်ဘဲရောက်ခဲ့ရာမှ.ဒီကဗျာလေးနဲ့သင်္ကြန်ဆိုတာ

ကိုကျွန်တော်ဖြတ်သန်းခဲ့ဖူးတာပါ.....ရေတွေမစိုပေမယ့်
မျက်ရည်တွေစိုခဲ့ရတဲ့
တကယ့်ကိုဆွေးစရာကောင်းတဲ့
နယ်မြေလေးပေါ့
သြော်...
ေ၇လောင်းသူမရှိပေမယ့်.......လွမ်းရမယ့်သူရှိနေတော့.
ကျွန်တော်.......မျက်ရည်ဝဲခဲ့ဖူးပါပကောဗျာ..........။

No comments:

Post a Comment