Monday, May 21, 2012


သမီးရေ...နေကောင်းရဲ့လား။ အဖေ့ကိုသတိရနေရောပေါ့.။ ရှစ်လဆိုတဲ့အရွယ်ဟာ...လူတဦးတယောက်ကို
တမ်းတလွမ်းဆွတ်ဖို့မဖြစ်နိုင်သေးလောက်ပေမယ့်..။ .အချစ်တွေနဲ့တောက်ပနေတဲ့မျက်ဝန်းပိုင်ရှင်တယောက်၊
သမီးကိုချီပိုးလိုက်တိုင်းပါးစပ်က သံစဉ်တမျိုးမျိုးထွက်ပေါ်လာတတ်ပြီး... ဖောင်းနေတဲ့သူမပါးကို တရွှတ်ရွှတ်
နမ်းနေတတ်တဲ့..လူတယောက်၊ ရွှေလက်ခုပ်အုပ်ကာတီး...ဆ၀ါဒီခါ့..တာ့တာ..စတဲ့ ကလေးတို့တတ်အပ်သော
ပလီပလာချစ်စရာအတတ်တွေကို ကလေးရောထွေးနေလောက်အောင်ခဏခဏသင်ပြတတ်တဲ့လူကြီးတ
ယောက် ၊....သမီးကိုသူ့ရဲ့ရင်ခွင်ထဲဆွဲထည့်ထားလိုက်တိုင်း..သေချာပေါက်..လွင့်ပျံလာမယ့် ရင်ခွင်ထဲက ..မေတ္တာတရားအငွေ့တွေ..နွေးနွေးထွေးထွေးနဲ့လူတယောက်ကို...ရှစ်လသမီးဟာ...သူမရဲ့ထက်မြက်တဲ့
အသိစိတ်မှတ်ဥာဏ်..အသွေးအသား..အာရုံကြောတွေနဲ့ဆက်စပ်ပြီး...မျှော်နေလောက်မယ်လို့အဖေယုံတယ်
သမီး..ဟိုတခေါက်လည်း..အဖေ့ကိုမြင်တာနဲ့ ....ရွှင်ပြလွန်းစာလန်းဆန်းနေတဲ့သမီးဟာ..ရုတ်တရက်အဖေ့ကို
တွေ့တာနဲ့..၀မ်းနည်းပက်လက်ငိုကြွေးတာကိုအံ့သြစဖွယ်အဖေတွေ့လိုက်ရပြီးပြီလေ..။ ဒါဟာသူမချစ်ခင်ရတဲ့လူတယောက်သူမအနားမှာမနေတဲ့အတွက်….သမီးလေးတယောက်ရဲ့ ဖခင်အပေါ်ဆိုးနွဲ့ခြင်းအမူ
အရာဆိုတာဖေဖေ..ကောင်းကောင်းယုံတယ်သမီး……………….
သမီးအဖေ့ကိုသိပ်လွမ်းနေတယ်ဆိုတာကိုယ်ချင်းစာသိပါတယ်လေ။

သမီးမွေးလာကတည်းက အဖေ..အိပ်ရေးတွေပျက်..မလုပ်ဖူးတဲ့အလုပ်တွေလုပ်..မကျဖူးတဲ့သိက္ခာတွေကျပြီး
အလုပ်ကိုလုပ်ပိုက်ဆံတွေရှာလိုက်တာ..အဖေ့ရဲ့ ညံ့ဖျင်းမှုလား..ကံဇာတာလည်းဖေဖေမသိ... ဘာတခုမှအဆင်မပြေခဲ့ဘူးသမီးရယ်..။သမီးလေးကံကောင်းပါတယ်ကွယ်..အဖေ့ရဲ့အချစ်တွေနဲ့သမီးလေး
ဘ၀မချို့ငဲ့အောင်အဖေကြိုးစားပါဦးမယ်...ကြိုးစားကြည့်ဦးမယ်သမီး..မင့်အမေရဲ့..တဗျစ်တောက်တောက်
အထင်သေးတဲ့အပြုံးတွေ..မထိခလုတ်ထိခလုတ်စကားတွေကိုတော့အဖေရင်ဆိုင်ရတော့မှာပေါ့..။
ပြောပါစေလေ...သမီးလေးကိုဒီလိုကျန်းမာရေးပြည့်စုံအောင်မွေးထားပေးတဲ့မင့်အမေကိုအဖေကကျေးဇူး
တွေဆပ်ရမယ့်သူပါ..။ 
ဒီနေ့...အဖေလုပ်ထားတဲ့ပိုက်ဆံတွေကိုထိုင်းပုလိပ်တွေကအကြောင်းအမျိုးမျိုးပြပြီး...ယူသွားကြပြန်ပြီသမီး။
ဒါကြောင့်အဖေဒီနေ့..စိတ်ဓာတ်တွေယိုင်နဲ့နဲ့ဖြစ်လာတယ်..။သမီးလေးရဲ့ဓာတ်ပုံကိုကြည့်ပြီးအဖေအားယူ
ပါရစေဦးသမီးရေ....သမီးလေးဖတ်မတတ်တဲ့ဒီစာတွေကိုရေးပြီး...အဖေ..ခွန်အားမွေးပါရစေဦးသမီးရယ်..။
သမီးလေးကျန်းမာပါစေ..။
တခုတော့စိတ်ချပါ..သမီးလေးမွေးလာမှအဖေပင်ပန်းရတာမို့သမီးလေး..လာခြင်းမကောင်းဘူးလို့အဖေ
ဘယ်တော့မှယူဆမှာမဟုတ်ဘူးနော်..။............
ဟိုနေ့ကမင့်အမေဖုန်းဆက်တယ်..သမီးလေးကိုလူကြီးတယောက်ကပြောတယ်..မိဘကိုအကျိုးပေးမယ့်
သမီးလေးလို့ နိမိတ်ဖတ်သွားသတဲ့...မင့်အမေအသံက..မျှော်လင့်ချက်တွေနဲ့စိုပြေလို့..။
ဖေဖေကတော့...နားပဲထောင်လိုက်တယ်။ စိတ်မ၀င်စားမိဘူး.......................................သမီးလေး
ဟာအဖေ့ကိုဘယ်လောက်အကျိုးပြုမလဲအဖေဘယ်တော့မမတွေးဘူး...ဖေ့သမီးကိုအဖေဘယ်လောက်
အကျိုးပြုပေးနိုင်မလဲဆိုတာပဲ..အဖေအမြဲတမ်းစဉ်းစားတယ်ဆိုတာ..သမီးကိုဖေဖေ
ဂုဏ်ယူစွာပြောပြပါရစေ..နော်..။ 
သမီးကိုချစ်တဲ့..
ဖေကြီး.(ဥက္ကာငယ်)


No comments:

Post a Comment